လိုအပ်တယ်ဆိုတာ အထူးပြောနေစရာ မလိုလောက်အောင် သေချာပါတယ်။ လူသားအပါအ၀င်
နို့တိုက်သတ္တ၀ါ အားလုံး၊ ငှက်များ၊ တွားသွားသတ္တ၀ါ အများစု၊ ရေနေကုန်းနေ
သတ္တ၀ါများနဲ့ ငါးတွေဟာ အသက်ရှင်ရေး လုပ်ငန်းတာဝန်များကို ဆက်လက်ပြီး
ပုံမှန် လုပ်ဆောင်နိုင်ဖို့ အတွက် မဖြစ်မနေ လိုအပ်တဲ့ အိပ်စက်နားနေမှုနဲ့
ပတ်သက်ပြီး ဆေးပညာရှင်များ၊ ဇီဝဗေဒပညာရှင်များက ကမ္ဘာတစ်ဝန်း လေ့လာ
တွေ့ရှိထားတဲ့ အချက် ၁၅ ချက် ဖြစ်ပါတယ်။
(၁) အိပ်ပျော်နေတုန်း
ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်း အတော်များများဟာ
အနားယူ အားဖြည့်ကြပါတယ်။ ခန္ဓာကိုယ် အနှံ့မှာ ရှိတဲ့ ဆဲလ်တွေက သူတို့ကိုယ်
သူတို့ ပြုပြင် တည်ဆောက်ကြပါတယ်။ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဟော်မုန်းတွေ
ထွက်လာပါတယ်။ ဒါကြောင့် အိပ်ရေးပျက်တဲ့ ညမှာ ကျွန်တော်တို့ဟာ
ဒီအခွင့်အရေးတွေကို မရတဲ့အတွက် ရက်ဆက် အိပ်ရေးပျက်တာတွေ များလာရင် နေလို့
ထိုင်လို့ မကောင်းတော့ ပါဘူး။

(၂)
လူသားတွေ ပုံမှန် ကျန်းမာဖွံ့ဖြိုးပြီး ဦးနှောက် ဖွံ့ဖြိုးနေစေဖို့
နေ့စဉ် အနည်းဆုံး လိုအပ်တဲ့ အိပ်ချိန်နာရီတွေဟာ အသက်အရွယ်ကို လိုက်ပြီး
အနည်းအများ ကွာခြားပါတယ်။ အသက်ကြီးလေလေ အိပ်ဖို့ အချိန် အများကြီး မလိုလေ
ဖြစ်ပါတယ်။ အသက် ၃ နှစ်အောက် ကလေးတွေ အတွက် တစ်နေ့ကို ၁၆ နာရီ၊ ၃ နှစ်ကနေ
၁၂ နှစ်အတွက် ၁၀ နာရီ၊ ၁၃ နှစ်ကနေ ၁၈ နှစ်ကြားဆိုရင် ၁၀ နာရီ၊ ၁၉ နှစ်ကနေ
၅၅ နှစ်ကြားဆိုရင် ၈ နာရီနဲ့ အသက် ၆၅ နှစ်အထက် လူကြီးများဆိုရင်တော့ ၆
နာရီသာ အနည်းဆုံး လိုအပ်ကြောင်း တွေ့ရှိရပါတယ်။
(၃) အမျိုးသားတွေ
မက်တဲ့ အိပ်မက်တွေရဲ့ ၇၀% ဟာ အမျိုးသားတွေအကြောင်း (သို့) အမျိုးသားတွေပဲ
ပါလေ့ရှိပြီး အမျိုးသမီးတွေကတော့ သူတို့ရဲ့ အိပ်မက်တွေထဲမှာ
အမျိုးသားတွေကော အမျိုးသမီးတွေပါ ညီတူမျှတူ ပါဝင်လေ့ ရှိပါသတဲ့။
(၄)
ကျွန်တော်တို့ဟာ အိပ်မက်ထဲမှာ ဘ၀တလျောက် မြင်ဖူးခဲ့ မျက်နှာပုံစံတွေကိုပဲ
မြင်မက်ကြတာ ဖြစ်ပါတယ်။ မမြင်ဖူး မတွေ့ဖူးဘူးလို့ ထင်ရင် မှားပါတယ်တဲ့။
အဲလိုထင်တာဟာ ကောင်းကောင်း မမှတ်မိလို့သာ ဖြစ်ပါတယ်လို့ ပညာရှင်များက
တွေ့ရှိ အတည်ပြုထား ပါတယ်။

(၅)
လူတစ်ယောက်ဟာ အိပ်မောကျနေရင်း လမ်းထလျှောက်တာ၊ အိမ်အလုပ်တွေ ထလုပ်တာ၊
ကားမောင်းထွက်သွားတာ စတာတွေ ကြားဖူးပါလိမ့်မယ်။ ဒါဟာ အတော်လေး ပြဿနာရှိတဲ့
အိပ်စက်ခြင်းဆိုင်ရာ ရောဂါတစ်ခု (Sleep Disorder) တစ်ခု ဖြစ်ပြီး မကုသဘဲ
ထားရင်၊ အတူနေသူတွေက ဂရုပြု ထိန်းသိမ်းပေးခြင်း မလုပ်ရင် အိပ်ပျော်နေရင်း
ကားမောင်းကာ ယာဉ်မတော်တဆ ဖြစ်ခြင်း၊ မိမိအတွက် အကျိုးမဲ့သော စာများ
ရေးသားမိခြင်း (ဥပမာ ချက်လက်မှတ်ကို ရေး၍ လက်မှတ်ထိုးမိခြင်း၊
မြိုသိပ်ထားတဲ့ မကျေနပ်သော ကိစ္စများကို ချရေးမိခြင်း စသည်) ကနေ
ကလေးသူငယ်များ အပေါ် လိင်အကြမ်းဖက်မှု၊ မုဒိန်းမှုကနေ လူသတ်မှုအထိ
ဖြစ်ဖူးခဲ့တဲ့ မှုခင်း မှတ်တမ်းများ ရှိခဲ့ဖူးပါတယ်။
(၆)
ကမ္ဘာ့လူဦးရေ အားလုံးရဲ့ ၁၂% ဟာ အိပ်မက်မက်ရင် အဖြူနဲ့အမည်း
နှစ်ရောင်တည်းနဲ့ပဲ (ခေတ်ဟောင်း ရုပ်မြင်သံကြားစက်လိုမျိုး)
မက်တတ်ကြပါတယ်တဲ့။ ဒါပေမဲ့ ရောင်စုံရုပ်မြင်သံကြားစက်တွေ ပေါ်လာပြီး
နောက်ပိုင်း အရောင်နဲ့ အိပ်မက်မက်သူတွေ ပိုများလာကြပြီး အဆိုပါ
ကိန်းဂဏန်းဟာ အတော်လေး လျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။

(၇)
အိပ်မက်တွေ များများမက်တဲ့သူ၊ ပုံမှန်လောက်ပဲ မက်တဲ့သူ၊
အမက်နည်းတဲ့သူရယ်လို့ အကြမ်းဖျဉ်း ခွဲခြားနိုင်ပြီး သုံးမျိုးစလုံးဟာ
ပုံမှန်ပဲလို့ ပညာရှင်များက ဆိုပါတယ်။ ဆိုလိုရင်းက အိပ်မက်မက်ခြင်းဟာ
ပုံမှန် အခြေအနေ တစ်ရပ်ဖြစ်ပြီး အိပ်မက် မမက်ခြင်းကသာ ကိုယ်ရည်ကိုယ်သွေး၊
အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထား ပုံမှန်မဟုတ်မှုများ (Personality
Disorders) ရှိနေနိုင်တယ်လို့ ဖြစ်ပါတယ်။ (သို့သော်လည်း အိပ်မက်များဟာ
အ၀ိဇ္ဖာနဲ့ တဏှာရှိနေသူ ပုထုဇဉ်များရဲ့ ဥပါဒါန်အစွဲအလမ်းကြောင့်
မြင်ဖက်ရတာ ဖြစ်ပြီး အရဟတ္တမဂ်ဖိုလ် ဆိုက်ရောက်ရရှိသွားတဲ့ ဘုရား၊
ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ စတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသူများဟာလည်း
အိပ်မက်မြင်မက်ခြင်း မရှိတော့ဘူးလို့ လေ့လာမှတ်သားဖူးပါတယ်)
(၈)
လူတစ်ယောက် အိပ်စက်နေစဉ် ခန္ဓာကိုယ် အနေအထားကို ကြည့်ပြီးတော့ ဒီလူဟာ
ဘယ်လို စိတ်နေသဘောထားမျိုး ရှိသလဲ ဆိုတာ ခွဲခြားနိုင်ကြောင်း
ဗြိတိန်အမျိုးသား အိပ်စက်ခြင်း သုတေသနနှင့် အကြံပေးအဖွဲ့ရဲ့ ဒါရိုက်တာ
ဖြစ်သူ ပါမောက္ခ ခရစ်အစ်ဇီကောစကီးက သိပ္ပံနည်းကျ လေ့လာတွေ့ရှိ အတည်ပြုပေးခဲ့
ပါတယ်။ သူ့ရဲ့ တွေ့ရှိချက်အရ လူတွေဟာ အိပ်ရင် အောက်ပါ အိပ်စက်နည်း ၆
နည်းထဲက တစ်နည်းနည်းအတိုင်း ကိုယ်နေဟန်ထားပြီး အိပ်ကြတယ်လို့
တွေ့ရှိရပါတယ်။

သန္ဓေသားပုံစံ (Foetus)
- အပြင်ပန်း မာကျောပြီး စိတ်အတွင်းပိုင်း နုနယ်သူများ ဖြစ်ကြပါတယ်။
လူတစ်ယောက်ကို တွေ့တွေ့ချင်း ရှက်ကိုးရှက်ကန်း ဖြစ်တတ်ပေမယ့် ခဏနေရင်တော့
သက်သာရ ရသွားတတ်ကြပါတယ်။ သူတစ်ပါး အပေါ် ဆက်ဆံရာမှာ ခင်မင်နှစ်လိုဖွယ်
သိပ်မရှိတဲ့ အမူအရာမျိုးနဲ့ ဆက်ဆံတတ်ပေမယ့် တကယ်ခင်သွားရင်
နွေးထွေးပွင့်လင်းတဲ့ နှလုံးသား ရှိသူတွေလို့ ဆိုပါတယ်။ ဒါဟာ
လူဆယ်ယောက်မှာ လေးယောက် အိပ်တတ်တဲ့ ပုံစံ ဖြစ်လို့ အများဆုံး ပုံစံလို့
ဆိုနိုင်ပါတယ်။ ဒီပုံစံနဲ့ အိပ်သူတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက်
နှစ်ဆ ပိုများတာ တွေ့ရပါတယ်။
သစ်တုံး (Log)
- ဘေးတစ်စောင်း နေပြီး လက်တွေ ဆန့်ထားတဲ့ ပုံစံမျိုး အိပ်တဲ့ ပုံစံ
ဖြစ်ပါတယ်။ ဒီလို အိပ်လေ့ ရှိသူတွေဟာ ပျော်ပျော်နေသေခဲ စိတ်ဓာတ်မျိုး
ရှိကြပါတယ်။ လူစုလူဝေး ကြားထဲ နေထိုင်ဆက်ဆံရတာ ကြိုက်နှစ်သက်တတ်ကြပြီး
ဘယ်အသိုင်းအ၀ိုင်းမျိုးပဲ ဖြစ်ဖြစ် ၀င်ဆံ့သူများလို့ ဆိုနိုင်ပြီး
သူတို့ရဲ့ အားနည်းချက်ကတော့ လူတွေကို အရမ်းယုံလွယ်တတ်တာပဲ ဖြစ်ပါတယ်။
တမ်းတသူ (Yearner)
– အိပ်ရင် ဘေးဘက်ကို လက်တွေ ထားအိပ်တဲ့ ပုံစံ ဖြစ်ပါတယ်။ ပွင့်လင်းတဲ့
သဘောသဘာဝ ရှိသလိုလိုနဲ့ အတွင်းစိတ်က သံသယ များသူတွေ ဖြစ်ကြပြီး
လူတွေအားလုံးကို အတ္တသမားတွေ၊ မရိုးသားသူတွေပဲလို့ ထင်မြင်တတ်ကြသူတွေ
ဖြစ်ပါတယ်။ သူတို့ရဲ့ ထူးခြားချက်က တော်ရုံတန်ရုံ ဆုံးဖြတ်ချက်လေး
တစ်ခုလောက်ကို ချဖို့တောင် ချီတုံချတုံ ဖြစ်နေတတ်သလို ဆုံးဖြတ်ချက်
တစ်ခုကို ချပြီးတာနဲ့ ပြောင်းလဲကျင့်သုံးဖို့လည်း ၀န်မလေးသူတွေ ဖြစ်ကြတယ်
ဆိုတာပါပဲ။
စစ်သား (Soldier)
– ပက်လက်အိပ်ပြီး ဘေးနှစ်ဖက်ကို လက်တွေ ဆန့်ချထားသူတွေ ဖြစ်ပါတယ်။
ဒီလိုအိပ်တတ်သူတွေဟာ ယေဘုယျအားဖြင့် ရေငုံနှုတ်ပိတ် သမားများ ဖြစ်ကြပါတယ်။
သူတို့ရဲ့ ခံစားချက်တွေ၊ အတွေးတွေကို တော်ရုံနဲ့ ထုတ်မပြောတတ်သူတွေ
ဖြစ်ကြပါတယ်။ ခံစားမှု လွန်ကဲ ပေါက်ကွဲမှုတွေကို မနှစ်သက် သလို
ကိုယ့်ကိုယ်ကိုရော ဘေးလူကိုပါ အဲဒီလို မဖြစ်အောင်
ထိန်းသိမ်းနိုင်သူတွေလည်း ဖြစ်ကြပါတယ်တဲ့။
ဖရီးဖောခုန်သူ (Freefaller)
- မှောက်လျက် ခေါင်းစောင်း အိပ်ရင်း ခေါင်းအုံးနားမှာ လက်တွေ ထားတတ်သူတွေ
ဖြစ်ပါတယ်။ လူစုဖွဲ့ နေထိုင်ရတာကို ပျော်ရွှင်သူတွေ ဖြစ်ပြီး
များသောအားဖြင့် တက်ကြွလန်းဆန်းကာ ခင်ဖို့ ကောင်းသူတွေ ဖြစ်တတ်ကြပါတယ်။
မကောင်းတဲ့ အချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲကာ သူတစ်ပါးအပေါ်
အရိုအသေတန်တတ်ကြတာ ဖြစ်ပါတယ်။ ဒီလို အပြင်ပန်း ဖြစ်နေပေမယ့် အတွင်းစိတ်က
စိုးရိမ်လွန်ကဲတတ်ပြီး သူများဝေဖန်ရင် ထိခိုက်လွယ်သူများ၊ ပတ်ဝန်းကျင်ကို
ဂရုစိုက်လွန်းသူများ ဖြစ်တတ်ကြတာလည်း တွေ့ရပါတယ်။ အစွန်းရောက်တဲ့
သဘာထားကွာဟမှုတွေ ကြားထဲ မရှင်သန်လိုသလို ဝေဖန်မှုကိုလည်း မကြိုက်သူတွေ
ဖြစ်ပါတယ်။
ကြယ်ငါး (Starfish) -
ပက်လက်အိပ်ရင်း ခေါင်းအုံးနားမှာ လက်တွေ ထားတတ်သူတွေ ဖြစ်ပါတယ်။ သူတစ်ပါး
စကားကို အကောင်းဆုံး နားထောင်ပေးသူများ၊ အကူအညီလိုရင် ကူညီတတ်သူများ
ဖြစ်လို့ လူချစ်လူခင် ပေါသူများ ဖြစ်ပါတယ်။ သူတစ်ပါး ကိုပဲ
အာရုံစိုက်ပေးချင်ပြီး ကိုယ့်ကို အားလုံး အာရုံဝိုင်းစိုက်၊ ၀ိုင်းပြောရင်
မကြိုက်သူများ ဖြစ်ပါတယ်။
အထက်ပါ အိပ်စက်ခြင်း ကိုယ်နေဟန်များဟာ
နာမကျန်း ဖြစ်နေခြင်း၊ မူးယစ်သေစာ သောက်စားထားခြင်း၊ ပင်ပန်းမှု
လွန်ကဲခြင်း စတာတွေ မရှိတဲ့ အချိန်မှာ စဉ်းစားရမှာ ဖြစ်ပြီး ညစဉ်
လူတစ်ယောက် များသော အားဖြင့် အိပ်တတ်တဲ့ ပုံစံလို့ ဆိုလိုပါတယ်။ ဒါ့အပြင်
လူနှစ်ဆယ်မှာ တစ်ဦးဟာ တစ်ညတည်းမှာ ပုံစံမျိုးစုံ ပြောင်းလဲ
အိပ်စက်တတ်လို့ စိတ်နေသဘောထားကို အိပ်စက်ခြင်းကနေ မှန်းရခက်တယ်လို့
ပါမောက္ခခရစ်က တွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အိပ်စက်မှု ပုံစံများ
ဆက်စပ်မှုကို ပြောပြရရင် ဖရီးဖောခုန်သူ ပုံစံက အစာကျေလွယ်ပြီး ကြယ်ငါးနဲ့
စစ်သား ပုံစံတွေက ဟောက်ခြင်း၊ အိပ်မက်ဆိုး မက်ခြင်းတွေနဲ့
ပိုနီးစပ်စေပါတယ်။

(၉)
အနောက်တိုင်းမှာ အိမ်ထောင်ရှင် စုံတွဲလေးတွဲမှာ တစ်တွဲဟာ
အိပ်ရာခွဲအိပ်ကြတာ တွေ့ရှိရပါတယ်။ ဒါပေမဲ့ ခွဲအိပ်လို့ သူတို့
ဇနီးမောင်နှံတွေက ပိုမတွယ်တာကြဘူးလို့ မဆိုလိုနိုင်သလို ပျမ်းမျှ အသက် ၅၀
ကျော်အထိ တစ်ယောက်အပေါ် တစ်ယောက် စိတ်ဝင်စားတပ်မက်မှု ရှိနေသေးတာဟာ
အရှေ့တိုင်းနဲ့ ကွာတဲ့ အချက် ဖြစ်ပါတယ်။ ဒါဟာ လိင်မှုကိစ္စနဲ့ ဆိုင်တဲ့
ကျန်းမာရေး အသိ၊ အိမ်ထောင်ဖက် အပေါ် ကောင်းစွာ နားလည်ထိန်းကျောင်းနိုင်တဲ့
လူသားစိတ်ပညာ (Human Psychology) နားလည်မှု၊ မည်သို့ပင် ကျားမ
ရှုပ်ထွေးသော အနောက်တိုင်းယဉ်ကျေးမှု ရှိနေသော်လည်း မိသားစုကို နံပါတ်တစ်
တန်ဖိုးထားမှု၊ ရင့်ကျက်မှု၊ တစ်အိမ်ထောင်စုချင်း၏ ၀င်ငွေမြင့်မားမှု
စတာတွေက အဓိက ကျတယ်လို့ အရှေ့တိုင်း လူမှုရေးစိတ်ပညာရှင်များက
လေ့လာတွေ့ရှိထားပါတယ်။

(၁၀)
တိုက်ပွဲဝင် ဗြိတိန်တပ်မတော်သားတွေဟာ စစ်မြေပြင်မှာ ၃၆ နာရီအထိ မအိပ်ဘဲ
နိုးကြားစွာ နေနိုင်တဲ့ နည်းလမ်းကို ပထမဆုံး စသုံးခဲ့သူတွေလို့ သိရပါတယ်။
သူတို့ရဲ့ လျှို့ဝှက်ချက်က ပင်ပန်းနွမ်းနယ်လာရင် နေရောင်ခြည်နဲ့ တူတဲ့
အလင်းရောင် တောက်ပမှုမျိုး ထုတ်လွှတ်ပေးနိုင်တဲ့ အထူးအမြင်အာရုံ ကိရိယာ
(Special Visor) ကို မျက်မှန်လိုမျိုး တပ်ဆင်လိုက်တာနဲ့ ပင်ပန်းနွမ်းနယ်
အိပ်ချင်စိတ်တွေ ပျောက်သွားကာ တစ်ရက်ခွဲခန့် ဆက်တိုက်
နိုးကြားနေနိုင်ပါသတဲ့။
(၁၁) နို့တိုက်သတ္တ၀ါတွေထဲမှာ
တစ်နေ့အိပ်ချိန်အနည်းဆုံး သတ္တ၀ါက သစ်ကုလားအုတ် ဖြစ်ပြီး တစ်နေ့လုံး
စုစုပေါင်း အိပ်ချိန် ပျမ်းမျှ ၁ နာရီနဲ့ ၅၄ မိနစ်ပဲ ရှိတယ်လို့
လေ့လာတွေ့ရှိရပါတယ်။ ဒါတောင် သူက တစ်ဆက်တည်း အိပ်တာ မဟုတ်ဘဲ ၅ မိနစ် ၁၀
မိနစ်လောက်လေးတွေ ခွဲခွဲပြီး ခဏခဏ အိပ်တတ်တာလို့ သိရပါတယ်။ သူ့အနောက်က
သမင် (၃ နာရီ ၅ မိနစ်)၊ အာရှဆင် (၃ နာရီ ၆ မိနစ်) တို့က ဒုတိယနဲ့ တတိယ
လိုက်ကြပါတယ်။ တစ်နေ့အိပ်ချိန် အများဆုံး နို့တိုက်သတ္တ၀ါတွေကတော့
ခိုအားလားဝက်ဝံ (၂၂ နာရီ)၊ လင်းနို့ (၁၉ နာရီ ၅၄ မိနစ်)၊ သင်းခွေချပ် (၁၈
နာရီ) တို့ အသီးသီးဖြစ်ကြပါတယ်။

(၁၂)
အိပ်စက်နေချိန်မှာတောင်မှ ဦးနှောက်တစ်ခြမ်းပဲ အိပ်ပြီး တစ်ခြမ်း
အလုပ်လုပ်သူတွေက လင်းပိုင်ငါးတွေ ဖြစ်ပါတယ်။ အဲဒီဦးနှောက်တစ်ခြမ်းက
အသက်ရှူခြင်းကို တာဝန်ယူ ဆောင်ရွက်နေပါတယ်။
(၁၃) လူတစ်ယောက်ဟာ
အစာနဲ့ အိပ်စက်ခြင်း မရရင် အာဟာရ ပြတ်ခြင်းကြောင့် အရင် မသေဘဲ
မအိပ်ရခြင်းကြောင့် အရင်သေမှာ ဖြစ်ပါတယ်။ အစာပြတ်ရင် ၁၄ရက်အထိ
ခံနိုင်ပေမယ့် ဆက်တိုက်မအိပ်ရတာ ဆယ်ရက်ကျော်သွားရင် သေနိုင်တယ်လို့
သိရပါတယ်။
(၁၄) ကမ္ဘာလောကကြီးကို တစ်ခါမှ မမြင်ဖူးတဲ့ မွေးရာပါ
မျက်မမြင် တွေလည်း အိပ်မက်မက်တယ်လို့ သိရပါတယ်။ ၄င်းတို့ရဲ့ အိပ်မက်တွေဟာ
၎င်းတို့ ခံစားဖူးတဲ့ စိတ်ခံစားမှု၊ အထိအတွေ့၊ အနံ့၊ အရသာတွေသာ ပါတယ်လို့
သိရပါတယ်။
(၁၅) များသောအားဖြင့် နိုးပြီးပြီးချင်း ၅ မိနစ်အကြာမှာ
မက်ခဲ့တဲ့ အိပ်မက်ရဲ့ ၅၀% ကို မေ့သွားပြီ ဖြစ်ပြီး ၁၀ မိနစ်အတွင်းမှာ ၉၀%
မေ့သွားပြီလို့ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် မမေ့ချင်တဲ့ အိပ်မက်ဆိုရင်
နိုးနိုးချင်း တစ်ယောက်ယောက်ကို ပြောပြလိုက်ခြင်း၊ ရေးမှတ်ထားခြင်းတို့ကို
ပြုရပါမယ်။