ဗုဒ္ဓဘာသာဝင်ဖြစ်ရသော အကျိုးကျေးဇူး

သရဏဂုံတည်လျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်လျှင်ပင် အပါယ်လေးပါးသို့ မကျရောက်နိုင်တော့ကြောင်း နေရာများစွာ၌ ဟောတော်မူထား၏။
အပါယ်မကျရုံသာမက


နတ်ဖြစ်သော အခါတွင်လည်း အခြားနတ်များထက် ပို၍ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊
ကိုယ်စိတ်ချမ်းသာခြင်း၊ အခြံအရံပေါများခြင်း၊ အာဏာတန်ခိုး အစိုးရမူ
သာလွန်ခြင်းနှင့် အာရုံငါးပါး သာလွန်ခြင်းဟူသော လွန်ကဲမူ (၁၀)မျိုး
ရနိုင်သည်ဟု သိကြားမင်းအား အရှင်မာမောဂ္ဂလာန် ဟောပြဖူး၏။
ဝေလာမသုတ်၌
သရဏဂုံတည်သော ဗုဒ္ဓဘာသာဝင်တစ်ဦး၏ အကျိုးကျေးဇူးမှာ အတိုင်းမသိ အတုမရှိ
လှူဒါန်းပေးကမ်းခြင်း အမျိုးမျိုးထက် သာလွန်ကြောင်းလည်း ဟောတော်မူထားသည်။
အဇာတသတ်မင်းသားသည်
အပြစ်ကြီးလေးလှသော ဖခင်သတ်မူကံကြီးကို လွန်ကျူးမိသူဖြစ်၍ မအိပ်နိုင်၊
မစားနိုင်၊ တမိုင်မိုင်တတွေတွေ၊ ကြောက်ရွံ့တုန်လူပ်၍ နေရ၏။ သေလျှင်လည်း
မဟာအ၀ီစိငရဲကြီး၌ မလွဲမသွေ ကျခံရတော့မည် ဖြစ်သည်။ ဘုရားရှင်ကို
ဖူးမြော်ခွင့်ရပြီး သရဏဂုံ ဆောက်တည်ရသည့် အချိန်မှစ၍ ကောင်းစွာ အိပ်စက်
စားသောက်နိုင်လာ၏။ လူသတ်မူ အပြစ်ကြီးကို ကျူးလွန်သူသည် ပန်းတစ်ဆုပ်
လာဘ်ထိုးရုံမျှဖြင့် ကြိုးမိန့်က လွန်ရသကဲ့သို့ အဇာတသတ် မင်းသားလည်း
သရဏဂုံကျေးဇူးကြောင့် မဟာအ၀ီစီငရဲကြီး၌ ကျခံရမည့်အစား လောဟကုမ္ဘီ ငရဲငယ်၌သာ
ကျခံရ၏။ ရတနာသုံးပါးကို အားထားယုံကြည်ရာ၌ ပုထုဇဉ်တို့တွင် မည်သူမျှပင်
လိုက်မမီ၊ ပထမသံဂါယနာ၏ ဒကာလည်း ဖြစ်ခဲ့၏။ နောင်တစ်ချိန်၌ “၀ိဇိတာဝီ” အမည်ရှိ ပစ္စေကဗုဒ္ဓါတစ်ဆူ ဖြစ်တော်မူရသည်အထိ သရဏဂုံ၏ ကျေးဇူးတို့ကား ကြီးမားလှပေသည်။
သရဏဂုံတည်သော ပုဂ္ဂိုလ်များသည် ဖြစ်လေရာ ဘ၀တိုင်း၌ အကျိုးရှစ်မျိုးကိုလည်း ရရှိနိုင်သည်။ အကျိုးရှစ်မျိုးတို့မှာ -

(၁) အများအပူဇော်ခံရခြင်း၊
(၂) ဉာဏ်ပညာထက်မြက်ခြင်း၊
(၃) မိမိပတ်ဝန်းကျင်သည် မိမိစိတ်အလိုသို့ လိုက်ပါခြင်း၊
(၄) သူတကာတို့ မနိုင်းယှဉ်သာအောင် စည်းစိမ်ဥစ္စာခံစားရခြင်း၊
(၅) ရွှေအဆင်းကဲ့သို့ အသားအရေ ၀ါဝင်းလှပခြင်း၊
(၆) အများ၏ ချစ်ခင်မြတ်နိုးခံရခြင်း၊
(၇) ခိုင်မြဲသော မိတ်ကောင်းဆွေကောင်းရရှိခြင်း၊
(၈) ကျော်စော ထင်ရှားခြင်း တို့ဖြစ်၏။

သရဏဂုံ၏အကျိုးကျေးဇူး၊ ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်း၏ အကျိုးကျေးဇူးကား
အထူးပြောဖွယ်မရှိ၊ သရဏံဆောက်တည်ခြင်းသည် ချမ်းသာရေး လွတ်မြောက်ရေးလမ်းစ၏
အ၀င်ဝ၊ အစ၏ကောင်းခြင်းပင် ဖြစ်၏။ ပြဆိုခဲ့သော အကျိုးများသည် အလယ်၏
ကောင်းခြင်းများဖြစ်၍ အချုပ်အားဖြင့် နိဗ္ဗာန်အထိ အဆုံး၏ ကောင်းခြင်းနှင့်
ပြည့်စုံရမည်သာ ဖြစ်ပေသည်။